Monday, February 27, 2017

"ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်း မပယ်ရှားနိုင်သေးသမျှ စိတ်ဓါတ် ကြံ့ခိုင်မည် မဟုတ် "

"ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်း မပယ်ရှားနိုင်သေးသမျှ
စိတ်ဓါတ် ကြံ့ခိုင်မည် မဟုတ် "

ဗြဟ္မဇာလသုတ်မှာ -
မြတ်စွာဘုရားက ချီးမွမ်းမှု , ကဲ့ရဲ့ခံရမှုနဲ့ ပတ်သက်ပြီး
လိုက်နာရမယ့် စည်းကမ်းချက်ကလေးတွေ ပေးထားတာ ရှိတယ်။

မြတ်စွာဘုရားက -
ငါ့ကို ဖြစ်စေ , တရားဓမ္မကို ဖြစ်စေ , သံဃာကိုပဲ ဖြစ်စေ
အပြစ် ပြောလာလို့ရှိရင် စိတ်မဆိုးရဘူး တဲ့ ။

ဒါ ကျင့်ဖို့တော့ မလွယ်ဘူးပေါ့ ။
လူတွေက ထင်တယ် , တပည့်တော် စိတ်မဆိုးဘဲ မနေနိုင်ဘူး လို့။
နေနိုင်အောင် နေရမယ် ။ အတွေး တစ်ခု နဲ့ လိုက်နာ ကျင့်သုံးရမယ် ။

---------------------




မြတ်စွာဘုရားက -

" ငါ့ကို ဖြစ်စေ , တရားကို ဖြစ်စေ , သံဃာကို ဖြစ်စေ
ကဲ့ရဲ့ပြီ ဆိုလို့ရှိရင် စိတ်မဆိုးနဲ့ , အာဃာတ မဖြစ်စေနဲ့ , မကျေမနပ်တွေ မဖြစ်စေနဲ့ တဲ့။ မဖြစ်အောင် ထိန်း " လို့ ဆိုလိုတယ် ။

မထိန်းရင် ဘာဖြစ်မလဲ ဆိုတော့ မြတ်စွာဘုရားက -
" အေး မထိန်းနိုင်လို့ရှိရင် မင်းရဲ့ တိုးတက်လမ်း ပိတ်သွားလိမ့်မယ် " တဲ့ ။ " ဒေါသ ဖြစ်မယ် ဆိုရင် ဒီဒေါသက မင်းအတွက် အန္တရာယ်ချည်းပဲ လို့ ပြောတယ်" ။

စိတ်ဆိုးနေပြီ ဆိုလို့ရှိရင် -
ဒါဟာ ကိုယ့်ရဲ့ စိတ်ဓါတ် ပျော့ညံ့မှု နဲ့ ညစ်နွမ်းသွားမှု ပဲ ။
ဒါဟာ ကိုယ့်အတွက် အန္တရာယ်ပဲ ။ မကောင်းကျိုး ပေးဖို့ရာ
ကိုယ့်ရင်ထဲမှာ အဆိပ် ဝင်လာသလိုပဲ ။ ကိုယ့်သွေးသားထဲမှာ
အဆိပ်တွေ ရောက်လာသလိုပဲ ။

ဒေါသဆိုတဲ့ တရားကို ကိုယ်က လက်ခံလိုက်တာနဲ့ တပြိုင်နက်
ထိုဒေါသက ကိုယ့်ကို မကောင်းကျိုး ပေးမှာ သေချာပြီ ။ ဒါကြောင့်မို့
စိတ်ဆိုးနေမယ်ဆိုရင် မင်းပဲ အန္တရာယ် ဖြစ်မယ် ။

အပြစ်ပြောတဲ့သူမှာ ဘာမှ မဖြစ်သေးဘူး , ကိုယ့်မှာ ဒေါသ
ဖြစ်လိုက်နဲ့ တပြိုင်နက် ကိုယ့်အတွက် ကြီးပွားတိုးတက်မှုတွေ ,
စိတ်ကောင်း နှလုံးကောင်း ဆုံးရှုံးသွားတာတွေ ဒီလို ဖြစ်သွားနိုင်တယ် " လို့ ဒီလို ဆိုလိုတယ်နော် , ဒါက ဒုတိယ အချက် ။

တတိယအချက်က ဘာတုန်းဆိုတော့ - အဲဒီလို အပြစ်ပြောခံရလို့ , အကဲ့ရဲ့ခံရလို့ စိတ်ဆိုးနေမယ် ဆိုရင်တဲ့ ။

သူပြောတဲ့စကားရဲ့ အနက်အဓိပါယ် အကောင်းအဆိုး
ခွဲခြား သိနိုင်ပါ့မလား ? မသိတော့ဘူး ။ အသိဉာဏ်တွေ
တုံးသွားတယ် လို့ ဒီလို ဆိုလိုတယ် ။

စိတ်ဆိုးလိုက်တာနဲ့ တပြိုင်နက် လူမှာ အသိဉာဏ်တွေ
တုံးသွားတာပဲ ။ ပြောသင့်တာလား , မပြောသင့်တာလား ,
ဘာမှ မခွဲခြားနိုင်တော့ဘူး ။ ဒါ တတိယအချက် ။

အဲဒီတော့ စိတ်မဆိုးနဲ့ ။ စိတ်ဆိုးရင် မင်းပဲ နစ်နာမယ် ။
စိတ်ဆိုးလို့ရှိရင် အဆိုးအကောင်း , အကျိုးအကြောင်း မသိနိုင်တော့ဘူး ။

လုပ်ရမယ့် တာဝန်က ဘာတုန်း ဆိုရင် သူများက ကိုယ့်ကို လာပြီးတော့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချလာမယ်ဆိုရင် - " မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းလိုက် "တဲ့ ။

စိတ်ဆိုးနေမယ့်အစား ဖြေရှင်းချက် ပေးပါ လို့ ဒီ ( ၄ ) ချက်ပဲ မြတ်စွာဘုရားက ဟောခဲ့တယ် ။

------------------------------

တစ်ခါ ချီးမွမ်းမှုနဲ့ ပတ်သက်ပြီးတော့ လိုက်နာဖို့ ( ၃ ) ချက် မြတ်စွာဘုရား ဟောခဲ့တယ် ။

ငါ့ကို ဖြစ်စေ , တရားဓမ္မကို ဖြစ်စေ , သံဃာကို ဖြစ်စေ ,
ချီးမွမ်း ထောမနာ ပြုလာမယ် ဆိုရင် ဝမ်းမသာနဲ့ , စိတ်ဓါတ်တွေက တက်မကြွနဲ့ , အဲဒီ ဝမ်းသာပြီး စိတ်ဓါတ်တွေ တက်ကြွကြည်နူးလာပြီ ဆိုရင် ဘာဖြစ်တုန်း ?

"မင်း တိုးတက်မှု ခြေလှမ်းတွေ ပျောက်သွားလိမ့်မယ် " တဲ့ ။

လူဆိုတာ တခါတလေကျတော့ သိပ်ပြီးတော့ ကြည်နူးဝမ်းသာလို့ရှိရင် ဝမ်းသာလုံး ဆို့တာမျိုး ရှိသေးတယ် နော် ။ ဘာလုပ်ရ , ညာလုပ်ရ မသိဘူး ။ ကိုယ့်ကိုယ်ကို သိပ်ပြီးတော့ အထင်ကြီးသွားတယ်နော်။

အဲဒါကြောင့် ဝမ်းသာမနေနဲ့ တဲ့ ။ ဝမ်းသာလို့ရှိရင် ကိုယ့်အတွက်ပဲ အန္တရာယ် ဖြစ်လိမ့်မယ် ။ ဝမ်းသာတာလည်း အန္တရာယ် ဖြစ်တတ်တယ် ။

တရားထူး တရားမြတ်ရလို့ သိပ်ဝမ်းသာနေလို့ရှိရင်
အန္တရာယ် ဖြစ်တတ်တယ် ။ ဒါကို လျော့ချပေးရတယ် ။ သိပ်ဝမ်းသာ နေရင် တရားက ရှေ့မတိုး ဖြစ်တတ်တယ် ။ ဒါကြောင့်မို့ ပီတိသမ္ဗောဇ္ဈင်တောင်မှ ပွားသင့်တဲ့ အချိန်မှ ပွားရတယ် ။

ဒါကြောင့်မို့ ဝမ်းသာလွန်းအားကြီးလို့ရှိရင်လည်း ဒီအနှောင့်အယှက် ဖြစ်တတ်တယ် တဲ့ မြတ်စွာဘုရားက ။ လုပ်ရမယ့်တာဝန်က ဘာတုန်း ဆိုရင် " မှန်ရင် သူတို့ ချီးမွမ်းတဲ့အတိုင်း ဝန်ခံလိုက် " တဲ့ ။ ဒီ ( ၃ ) ချက်ပဲ ။

အဲဒါ ချီးမွမ်းမှု , ကဲ့ရဲ့မှု ဆိုတဲ့ လောကဓံမုန်တိုင်းနဲ့ ပတ်သက်လာရင် လူတိုင်း လိုက်နာရမှာက ဒီ ( ၂ ) ချက်ပဲ လို့ မြတ်စွာဘုရားက ဗြဟ္မဇာလသုတ်မှာ ဟောတယ် ။

-------------------------------

များသောအားဖြင့် လူတွေက ချီးမွမ်းလို့ရှိရင် ,
သူက ကိုယ့်ကိုယ်ကို ရှိတာထက် ပိုပြီးတော့ အထင်ကြီးသွားတယ် ။
ကဲ့ရဲ့တာကျ နည်းနည်းလေးမှ မခံနိုင်ဘူး ။

ကဲ့ရဲ့လို့ရှိရင် အလွန်အမင်း ကဲ့ရဲ့တယ်လို့ ထင်တတ်တယ် ။
ချီးမွမ်းတာကျရင် လိုနေသေးတယ် လို့ ထင်တယ် ။ ဘာဖြစ်လို့လဲ
ဆိုတော့ လူရဲ့စိတ်ဓါတ်ကိုက , အနေအထားကိုက အဲလို ရှိနေတယ် နော် ။

ချီးမွမ်းခံရလို့ ကျေနပ်နေရင် လောဘ ဖြစ်သွားတယ် ။
ကဲ့ရဲ့ခံရလို့ စိတ်ဆိုးနေရင် ဒေါသ ဖြစ်သွားတယ် ။ ဒီနှစ်ခုကို
မပယ်ရှားနိုင်သေးသမျှ စိတ်ဓါတ် ကြံ့ခိုင်မှာ မဟုတ်ဘူး လို့
မြတ်စွာဘုရား ဟောတယ် . . . ။

"ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ"
( လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့် စိတ်ထား ၊ စာ - ၃၈- ၄၃ )
မှ ပူဇော်ပါ၏

.
Credit -
ဓမ္မ နှစ်သက်သူ
https://www.facebook.com/donation.of.dhamma/

No comments:

Post a Comment