Sunday, February 26, 2017

ကိုယ့်​ကိုယ်​ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်, မမြောက်

မေး။ ။ မိမိကိုယ်ကို သတ်သေသောသူအား ပါဏာတိပါတကံ ထိုက်ပါသလား။

ဖြေ။ ။ တစ်ပါးသောသတ္တဝါ၌ သတ္တဝါဟု အမှတ်ရှိ၍ ထိုသတ္တဝါ၏ ဇီဝိတိနြေ္ဒအစဉ်ကို ဖြတ်တတ်
သည့် ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော ဝဓကစေတနာသည် ပါဏာတိပါတ
မည်၏။ မိမိကိုယ်တိုင်ပင်လျှင် မိမိ၏ အသက်ဇီဝိတိနြေ္ဒကို ကျစေသောသူအား ပါဏာတိပါတကံမထိုက်ချေ။
( လယ်တီဆရာတော်ကြီး၏ ပရမတ္ထဒီပနီ၊ ဒုတိယတွဲ ဝီထိမုတ်ပိုင်း)

-အရှင်ဇဝန




__________________________________________

ကိုယ့်​ကိုယ်​ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မမြောက်ဟု မှတ်သားထားဖူး၏။ အောက်ဖော်ပြပါ မည်သည့်အချက်များနှင့် လွတ်ကင်းခြင်းကြောင့်တည်း။ ကံမမြောက်ဟုဆိုပါက အဘယ်အကြောင်းကြောင့်နည်း။

သူ့အသက်သတ်ခြင်းမြောက်တဲ့ အင်္ဂါ(၅) ပါးရှိ၏။ ၎င်းတို့မှာ -
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း (သိခြင်း)၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရှိခြင်း၊
(၄) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့် သေခြင်း ............... ဟူ၍ ဖြစ်သည်။

ပါဏာတိပါတာကံ ကျူးလွန်ရာ၌ အားထုတ်မှု(ပယောဂ) ၆-မျိုးလည်း ရှိသေး၏။ ၎င်းတို့မှာ -
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့် ပစ်ခတ်၍သေခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓါး၊ လှံ၊ တွင်း စသည်တို့ကို အမြဲထောင်၍ထားခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း၊
(၆) တန်ခိုးဖြင့် သတ်ခြင်း ........ ဟူ၍ ဖြစ်သည်။

နောက်တစ်ခု မှတ်သားရန် -
(၁) ကိုယ်တိုင်ပြုလုပ်ခြင်း၊
(၂) စေခိုင်းခြင်း၊
(၃) ၀မ်းမြောက်ခြင်း၊
(၄) အကျိုးကိုပြောပြခြင်း၊
စသည့် ၄-ချက်မှ တစ်ခုခုဖြင့် ကျုးလွန်မိလျှင်လည်း ပါဏာတိပါတကံ မြောက်စေပါတယ်။

နောက်တစ်ခု မှတ်သားရန် -
မိမိက သူတစ်ပါးဖိတ်ကျွေးသော ထမင်းဟင်းစားသောက်ရန်အလို့ငှါ သွားရောက်ခဲ့သည်ဆိုအံ့ ... ဥပမာ မိမိအတွက် ကြက်တစ်ကောင်ကိုသတ်နေသည်ကို (၁) မြင်လိုက်တယ်ဆိုရင် (၂) မိတ်ဆွေကိုချက်ကျွေးရန် သတ်လိုက်တဲ့အသံကို ကြားလိုက်တယ်ဆိုရင် (၃) မိတ်ဆွေအတွက် ရည်ရွယ်ပြီး အိမ်ကကြက်ကိုသတ်၍ ချက်ထားသည်ဟု စိတ်ထဲမှာ သံသယတွေရှိနေရင်းဖြင့် ထိုအသားကို စားမိခဲ့လျှင် ပါဏာတိပါတကံ မြောက်စေပါတယ်။

Credit - Yarzar

__________________________________________

မေး။ ။မိမိကိုယ်ကို သတ်သေတဲ့သူဟာ အဖန်ငါးရာ ငါးကမ္ဘာခံရတယ်ဆိုတာ ဟုတ်ပါ သလား။

ဖြေ။ ။မိမိကိုယ်ကိုသတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာခံရသည်ဟု စာပေ၌ မတွေ့မိပါ။

ဗုဒ္ဓဘာသာဝင်လူအများစုက ကိုယ့်ကိုကိုယ်သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာခံရတယ်လို့ဆိုကြပါတယ်။ အဖန်ငါးရာဆိုတဲ့စကားက ဘယ်ကဆင်းသက်လာတာဖြစ်နိုင်သလဲလို့ စဉ်းစားမိတော့ ငါးရာ့ငါးဆယ်ဇာတ်တော်တွေထဲက မတကဘတ္တဇာတ်က လာခဲ့တာလို့ သုံးသပ်ယူဆမိပါတယ်။ မတက ဘတ္တဇာတ်မှာ ပုဏ္ဏားတစ်ယောက်ဟာ သေသူအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုဖို့ရာ ဆိတ်တစ်ကောင်ကို လည်လှီးသတ်ဖို့ပြင်ပါတယ်တဲ့။ အဲဒီအခါမှာ ဆိတ်က ရယ်လည်းရယ်တယ်၊ ငိုလည်းငိုပါတယ်တဲ့။ ဘာဖြစ်လို့လည်းလို့ အကြောင်းစုံကို စုံစမ်းကြည့်တဲ့အခါ
ဆိတ်က သူလည်းပဲ တစ်ခုသောဘဝ ပုဏ္ဏားဖြစ်ခဲ့တုန်းက ယခုလိုပဲ သေသူအတွက်ကောင်းမှုလုပ်ဖို့ ဆိတ်တစ်ကောင်ကို လည်လှီးသတ်ခဲ့ရလို့ အဲဒီဘဝကသေတော့ ငရဲကျခဲ့ရပြီး ငရဲကလွတ်တော့လည်း ၄၉၉ဘဝတိုင်တိုင် လည်လှီးသတ်ခြင်းကို ပြန်ခံခဲ့ရတယ်။ ယခုဘဝဟာ နောက်ဆုံးဘဝဖြစ်လို့ ဝဋ်ကြွေးကနေလွတ်ရတော့မည်ဆိုပြီးရယ်တာပါတဲ့။ ဘာလို့ငိုရသလဲဆိုတော့ သူလိုပဲ အရှင်ပုဏ္ဏားလည်းဝဋ်ကြွေးခံရမဲ့အရေးကို သနားလို့ငိုတာပါတဲ့။
အဲဒီတော့မှ ပုဏ္ဏားလည်းမသတ်ရဲတော့ပဲ ဆိတ်လေးကို လွတ်ရာသွားနိုင်ပြီဆိုပြီး လွှတ်ပေးလိုက်ပါတယ်။
အသတ်မခံရတော့ပဲ လွှတ်ပေးခံရတဲ့ဆိတ်ဟာ တောင်စောင်းတစ်နေရာမှာ အစာစားနေတုန်း ကျောက်တုန်းကို မိုးကြိုးပစ်ရာကနေ စင်ထွတ်လာတဲ့ကျောက်ချပ်တစ်ခုကနေ လည်ပင်းကိုဖြတ်သွားလို့ ဘဝ ၅၀၀ တိုင် လည်ပြတ်ပြီးသေခဲ့ရတယ်။
ဒီဇာတ်လမ်းကနေ အဖန် ငါးရာ ငါးကမ္ဘာလို့ ဆင်းသက်လာခဲ့တာနဲ့တူပါတယ်။
တကယ်တန်းတော့ ကိုယ့်ကိုကိုယ်သတ်သေလို့ အဖန်ငါးရာ ပြန်ခံရတာမဟုတ်ပဲ သူတစ်ပါးသတ်ခဲ့လို့ခံရတာပါ။ ဝဋ်ကြွေးမကုန်သေးတော့ တစ်ပါးသူက သတ်မဲ့အခြေအနေနဲ့လွတ်ရတဲ့အခါ အကုသိုလ်အကြွင်းအကျန်ကြောင့် ကိုယ့်ကိုကိုယ်သတ်သေရတော့တဲ့အဖြစ်မျိုး ကြုံရတော့တာ ဖြစ်နိုင်ပါတယ်။

-အရှင်ဇဝန

No comments:

Post a Comment